ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအား (၁၃) ကြိမ်မြောက် ပြန်လည်ပို့ဆောင်ပေး



(၁၄-၇-၂၀၂၀ ရက်၊ ဆိုးလ်မြို့)

 

ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းမှု ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေ အပြီးပြန်လည်ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား (၁၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် ၁၄-၇-၂၀၂၀ ရက်၊ ၁၆၄၅ နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။

 

ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား (၃၆) ဦး ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အီရတ်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၅၇) ဦးနှင့် မြန်မာသင်္ဘောသား (၁၉) ဦး၊ စုစုပေါင်း (၁၁၂) ဦးတို့ လိုက်ပါသွားကြပါသည်။

 

ထို့ပြင် မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးမှုလုပ်ငန်းတွင် တစ်ဖက်တစ်လှမ်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသော ကိုရီးယားနိုင်ငံမှ စီးပွားရေးပညာရှင် (၁၃) ဦး၊ ဗြိတိန်နိုင်ငံမှ သံတမန်မိသားစုဝင် (၂) ဦးနှင့် ပြင်သစ်နိုင်ငံမှ ဝန်ထမ်း (၄) ဦး ၊ စုစုပေါင်း (၁၉) ဦး လိုက်ပါသွားကြပါသည်။

 

ယင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်စီးနင်းလိုက်ပါမည့် နေ့ရက်တွင် လေဆိပ်၌ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေရန်၊ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် Transit ခရီးစဉ်အဖြစ် လိုက်ပါစီးနင်းမည့် နိုင်ငံသားများ အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာသံရုံးဝန်ထမ်းများမှ လေဆိပ်သို့ သွားရောက်ကာ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Ministry_of_Foreign_Affairs_Myanmar