ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ ၇ ထောင်ကျော်ရှိ


၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူဦးရေမှာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ၇၀၀၅ ဦး ရှိကြောင်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံက သိရသည်။

အဆိုပါ ပမာဏသည်၂၀၁၅ ခုနှစ် ထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း လျှောက်ထားမှုနှင့် နှိုင်းယှဉ်ပါက ဦးရေ ၈၀၀ ကျော် ပိုမိုများပြားလာခြင်း ဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးအလိုက် ကိုယ်စားလှယ်လောင်း လျှောက်ထားမှုအနေဖြင့် ရန်ကုန်တိုင်းတွင် ၉၅၅ ဦး၊ မန္တလေးတိုင်းတွင် ၅၄၄ ဦး၊ စစ်ကိုင်းတိုင်းတွင် ၆၈၅ ဦး၊ မကွေးတိုင်းတွင် ၄၈၀ ဦး၊ ပဲခူးတိုင်းတွင် ၅၃၅ ဦး၊ ဧရာဝတီ တိုင်းတွင် ၅၄၄ ဦး၊ တနင်္သာရီတိုင်းတွင်း ၂၇၃ ဦးနှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တွင် ၇၆ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အလိုက် လျှောက်ထားမှုအနေဖြင့် ကချင်ပြည်နယ်တွင် ၄၈၂ ဦး၊ ကယားပြည်နယ်တွင် ၂၇၂ ဦး၊ ကရင်ပြည်နယ် တွင်၂၃၅ ဦး၊ ချင်းပြည်နယ်တွင်၂၁၁ ဦး၊ မွန်ပြည်နယ်တွင် ၃၀၃ ဦး၊ ရခိုင်ပြည်နယ်တွင် ၃၈၆ ဦးနှင့် ရှမ်းပြည်နယ်တွင် ၁၀၂၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးအနေဖြင့် ကိုယ်စားလှယ်လောင်း လျှောက်လွှာများအား ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ စိစစ်လျက် ရှိကြောင်း သိရသည်။

ကော်မရှင်မှ စိစစ်ခြင်းလုပ်ငန်း ပြီးဆုံးပါက အတည်ပြု ကိုယ်စားလှယ်လောင်းစာရင်းများ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရပြီး ကိုယ်စားလှယ်လောင်း လျှောက်လွှာ ပယ်ချခံရမှုများလည်း ရှိလာနိုင်သေးသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ် တော်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလောင်း လျှောက်ထားသူ စုစုပေါင်း ၆၁၈၉ ဦး ရှိခဲ့ပြီး အကြောင်းအမျိုးမျိုး ကြောင့် ပြန်လည် ရုပ်သိမ်းသူ ၃၉ ဦး ရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင် အစီအရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းသို့၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း လျှောက်ထားခဲ့သူများအား ကော်မရှင်က ပြန်လည် စိစစ်ခဲ့ရာ တွင် ပြည်သူ့လွှတ်တော်မှ ၁၆ ဦး၊ အမျိုးသား လွှတ်တော်မှ ၂၁ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၃၈ ဦး စုစု ပေါင်း ၇၅ ဦးအား ပယ်ချခဲ့ကြောင်း အစီအရင်ခံစာပါ အချက်အလက်များအရ သိရသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဝင်ရောက်ကြမည့် တည်ဆဲနိုင်ငံရေးပါတီ ၉၅ ပါတီရှိသည့်အနက်၂ ပါတီမှာ ယာယီရပ်ဆိုင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထား သည်။

Ref; Irrawaddy.com