ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ၁ ရပ်ကွက်ရှိ ရွှေကွန်းကွန်ဒို၌ ဖြစ်ပွားခဲ့သည့် အနုကြမ်းစီးမှုတွင် ကျူးလွန်ခဲ့ သည့် တရားခံများကို ရှာဖွေနေကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းက သိရသည်။


သြဂုတ်လ ၁ဝ ရက် ည ၉ နာရီခန့်တွင် ရွှေကွန်းကွန်ဒို အမှတ် ၁၈/B2 အခန်း၌ ကနေဒါ နိုင်ငံသား ခံယူထားသူ ဦးကျော်မိုး တဦးတည်း နေထိုင်နေစဉ် ၎င်းနှင့် ရင်းနှီးသူဟုဆိုသည့် မနီနီဝင်း ရောက်လာခဲ့ပြီး၊ မကြာခင် အမျိုးသား ၃ ဦးပါ ထပ်မံ ရောက်လာကာ ဦးကျော်မိုးကို လက်ထိပ်ခတ်၍ ပါးစပ်ကို တိတ်နှင့်ပိတ်ကာ ပေါင်ကိုဓားဖြင့်မွှန်းခဲ့ကြောင်း၊ ထို့နောက် ဦးကျော်မိုး ကိုင်ဆောင်သည့် I Phone နှင့် IPad တို့ကိုသာ ယူပြီး ပြန်ထွက်သွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။


ကမာရွတ် ရဲစခန်းမှ ရဲအရာရှိ တဦးက “အနုကြမ်းစီးသွားတာလား၊ လုယက်တာလားဆို အနုကြမ်းစီးသွားတာ ဟုတ်ပါ တယ်။ ရွှေ၊ ငွေ ဘာမှတော့ ယူမသွားဘူး။ ကျနော်တို့ အခု ဖမ်းဆီးရမိရေးကို ဆောင်ရွက်နေပါတယ်။ အခု ကျနော်တို့ စခန်းမှာ ပ/၇၇၉/၂ဝ၂ဝ နဲ့ အမှုဖွင့်ထားပါတယ်” ဟု ပြောသည်။


ထိုဖြစ်စဉ်တွင် ကျူးလွန်သူများကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၄ (လုယက်မှု ကျူးလွန်ရာတွင် နာကျင်စေမှု) ၊ ၃၄၂ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့်၊ နာကျင်စေမှု)၊ ၁၁၄ (ပြစ်မှုကျုးလွန်ရာတွင် အားပေးကူညီမှု) တို့ဖြင့် အမှု ဖွင့်လှစ် ထားကြောင်း သိရသည်။


ကမာရွတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက “အခု လာလုပ်တဲ့သူတွေက ဓားပြ မဟုတ် ဘူး။ သူတို့ အချင်းချင်းကြားမှာ အကြောင်းတရား တခုခုတော့ ရှိရမယ်။ ငွေကြေး အရှုပ်အရှင်းလား၊ အိမ် အရှုပ်အရှင်းလား ဘာလားတော့ မသိဘူး။ ယူသွားတာကိုပဲ ကြည့်လေ” ဟု သုံးသပ် ပြောဆိုသည်။


Ref; Irrawaddy.com