ဧရာဝတီ လင်းပိုင်များကို မသတ်ဖြတ်ကြဖို့ အနုပညာရှင်များ တိုက်တွန်း



လတ်တလော မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း ကျင်လည် ကျက်စားနေတဲ့ ဧရာဝတီ လင်းပိုင်တွေကို တရားမဝင် သတ်ဖြတ်ခံနေရတဲ့အပေါ် အနုပညာရှင်များက ကန့်ကွက်နေကြပါတယ်။ ဧရာဝတီ လင်းပိုင်တွေ သတ်ဖြတ်ခံရမှုများနဲ့ ပတ်သက်ပြီး ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းနဲ့ ဆီလီကွန် ပညာရှင် ကိုအောင်ကျော်ထွန်းတို့က သူတို့ရဲ့ အမြင်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း



“သဘာဝဆိုတဲ့ အရာတခုမှာ ထိန်းသိမ်းရမှာတွေကို ထိန်းသိမ်းပေးပါ။ ကျနော်တို့ နိုင်ငံအတွက်လည်း အရေးကြီးပါတယ်။ ကျနော်တို့ အနုပညာသမားတွေ ဝန်းရံတယ်ဆိုတာကလည်း တိုင်းပြည်အတွက်ပါ။ မဖြုန်းတီးအောင် လုပ်မှ၊ ရေမြေသဘာဝ လှတော့မှ နိုင်ငံခြားသားတွေ အတွက်လည်း အမြင်ဆန်းသလို ကျနော်တို့ အတွက်လည်း ဂုဏ်ယူစရာ ဖြစ်လာတယ်”

“အဲ့အတွက် ယဉ်ကျေးမှုတွေ မပျောက်ဆုံးအောင် ထိန်းသိမ်းရသလို သဘာဝမှာဖြစ်တည်နေတာတွေကို မပျက်စီး မပျောက်ဆုံးအောင် ဝန်းရံပေးကြပါ။ ကျနော်တို့အနုပညာသမားတွေကတော့ နှိုးဆော်ပေးတဲ့ သူတွေပေါ့။ အားလုံး ဝန်းရံပေးကြပါဦးလို့ ပြောချင်ပါတယ်”

ဇာတ်မင်းသား ဟန်ဇာမိုးဝင်း




“ဧရာဝတီ လင်းပိုင်တွေ သတ်ဖြတ်ခံရတာ လုံးဝမဖြစ်သင့်ပါဘူး။ လင်းပိုင်တွေက ရှားပါးမျိုးစိတ်တခုပါ။ သူတို့လေးတွေက ချစ်စရာ ကောင်းတယ်။ ကျနော် နယ်တွေ ပွဲသွားကရင် ဧရာဝတီ မြစ်ကြီးထဲ မော်တော်တွေ စီးဖူးတော့ သူတို့လေးတွေ ဘေးကနေ လိုက်တာ ကြုံဖူးတယ်။ သူတို့လေးတွေကို သတ်ဖြတ်နေတာ တွေ့တော့ ကျနော်တို့ နိုင်ငံရဲ့ ရှားပါးမျိုးစိတ်တခုကို မလုပ်ပါနဲ့လို့ ပြောချင်တယ်”

“သူတို့လည်း မိသားစု စားဝတ်နေရေးကြောင့် ရှာဖွေနေရတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ကူညီပြီး ထိန်းသိမ်းပေးပါလို့ ပြောချင်တယ်။ ဆက်မလုပ်ကြဖို့တော့လည်း ပြောချင်တယ်”

ဆီလီကွန်ပညာရှင် အောင်ကျော်ထွန်း




“လင်းပိုင်လေးတွေက လိမ္မာတယ်။ ချစ်စရာကောင်းတယ်။ လူတွေက သူတို့ စီးပွားရှာဖို့ သူတို့ အတ္တတွေပဲ။ နိုင်ငံရေးမှာဆိုလည်း သူတို့ အကျိုးအတွက်ပဲ နိုင်ငံရေးကို ပြောနေကြတယ်။ အတ္တတွေ ကြီးနေမယ်ဆိုရင် ရှားပါး တိရစ္ဆာန်တွေလေးတွေ မျိုးတုန်းလာမယ်။ ဒါတွေက သံယံဇာတတွေပါ။ လူတွေက ထင်တာ မြေကြီးထဲက ထွက်လာတဲ့ ကျောက်မျက်ရတနာမှ သံယံဇာတလို့ ထင်တာ”

“ဒီတိရစ္ဆာန်လေးတွေကလည်း သံယံဇာတတွေပါ။ ဧရာဝတီ လင်းပိုင်ဆိုတာက ကျနော်တို့ နိုင်ငံမှာပဲ ရှိတာ။ သူတို့က နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တယ်။ သူတို့လေးတွေ အကောင်ရေ နည်းလာပြီ။ သူတို့ ပျော်ပါစေ။ မလုပ်ကြပါနဲ့။ တခြားဟာတွေ လုပ်ပါလို့ ပြောချင်တယ်။ ကိုယ်ထမင်းတလုတ် စားဖို့အတွက် နိုင်ငံ့ သံယံဇာတတွေ မဖျက်ဆီးပါနဲ့”


Ref; Irrawaddy.com