မိုးကုတ်မြို့ အရှေ့ပိုင်း လယ်ဦးအုပ်စုရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်း တခုတွင် ယမန်နေ့ညနေပိုင်းက တွင်းပြိုကျမှု ဖြစ်ပွားရာ ကျောက်ရှာဖွေသူ အသက် ၃၀ အရွယ် ဒေသခံတဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေး အဖွဲ့ (မိုးကုတ်)ထံမှ သိရသည်။

အဆိုပါ အဖွဲ့၏ သတင်းပြန်ကြားရေး တာဝန်ခံ ကိုဟိန်းထက်အောင်က “အခုလို မိုးရာသီတွေမှာ မိုးအပြင်းအထန်ရွာ တဲ့အခါ ကျောက်တွင်းဟောင်းတွေက ပြိုတတ်သလို မနေ့က တွင်းပြိုတယ်လို့ ကျနော်တို့ဆီ ဖုန်းဝင်လာပြီး သွား ကြည့်တဲ့အခါ လုပ်ငန်းခွင် မတော်တဆ ပုံစံမျိုး တွေ့ရပါတယ်။ တွင်းပိတာက သုံးဦးဖြစ်ပေမယ့် နောက်ဆုံး ကယ် ထုတ်နိုင်တဲ့ တဦးကတော့ မနေ့ည ၁၀ နာရီကျော်လောက်က ဆုံးသွားပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ယမန်နေ့ ညနေ ၄ နာရီ အချိန်ခန့်က မိုးကုတ်မြို့နယ် လယ်ဦးအုပ်စုရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်း အတွင်း ဒေသခံ သုံးဦးက ကျောက် ဝင်ရောက် ရှာဖွေနေစဉ် တွင်းပြို၍ ကျောက်တွင်း၌ ပိတ်မိခဲ့ရာမှ နှစ်ဦးအား ည ၈ နာရီအချိန်ခန့်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သော်လည်း ကျန်တဦးမှာမူ သေဆုံးခဲ့သည်ဟု သိရသည်။

ပတ္တမြား၊ နီလာ စသည့် အဖိုးတန် ကျောက်မျက်များ ထွက်ရှိသော မိုးကုတ် ရတနာနယ်မြေ၌ ကျောက်မျက် တူးဖော် ရေး လုပ်ကွက်ဟောင်းများ အတွင်း ဒေသ အာဏာပိုင်များက လုံခြုံရေးက ဝင်ရောက်ခွင့် တားမြစ်ထားသော်လည်း ဒေသခံများ အပါအဝင် တပိုင်တနိုင် ကျောက်ရှာသူများက ကျောက်တွင်းများ အတွင်းသို့ တရားမဝင် ဝင်ရောက်၍ ကျောက်ရှာကြရာ ယခုလို မိုးရာသီကာလ၌ မကြာခဏ တွင်းပြိုမှုများကြောင့် သေဆုံးမှုများ၊ ထိခိုက် ဒဏ်ရာရမှုများ ဖြစ်ပွားလျက် ရှိသည်ဟု သိရသည်။

အထက်ပါ ဖြစ်စဉ် အပါအဝင် ယခုနှစ် အတွင်း မိုးကုတ် ရတနာမြေ၌ ကျောက်တွင်း ပြိုကျမှုဖြစ်စဉ် ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်)က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မိုးကုတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင်က “အဓိ က ကတော့ ဥပဒေ မထွက်သေးတော့ အရေးယူဖို့ ဌာန မရှိဘူး ဖြစ်နေတယ်။ ဥပဒေ ထွက်လာရင်တော့ ဒီလို တရား မဝင် တူးဖော်တာမျိုးကို ကျောက်မျက်ဌာနက အရေးယူလို့ရတယ်။ အခုက ထွေအုပ်နဲ့ ရဲတပ်ဖွဲ့ကလဲ တားဖို့ ခက် တယ်။ လူထုအနေနဲ့ ကျတော့လည်း စားဝတ်နေရေးအရ လွယ်လွယ်ရမယ့် နေရာတွေကို လိုက်တော့ ခုလို အသက် ဆုံးရှုံးရတာမျိုးတွေ ဖြစ်ရတယ်” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် မိုးကုတ် ရတနာမြေ၌ ကျောက်မျက် တူးဖော်ခွင့် လုပ်ကွက် အားလုံးကို ရပ်ဆိုင်းထားသလို ကျင်းပနေဆဲ ဖြစ်သော မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌လည်း မိုးကုတ်အတွက် ရည် ရွယ် ပြဋ္ဌာန်းမည့် တိုင်းဒေသကြီး အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက် ရတနာ ဥပဒေကြမ်းအား ဆွေးနွေး ဆဲ ဖြစ်သည်။

Ref; Irrawaddy.com