ဝေဖန်မှု မြင့်တက်နေသော အဆိုတော် ယုန်လေး၏ ငါတို့အားလုံးရဲ့မြေ (စည်းလုံး သင့်ပြီ မြန်မာပြည်) သီချင်းဗီဒီယို ရိုက်ကူးမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနခေတ္တညွှန် ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဧရာဝတီသို့ ပြောသည်။

ကမ္ဘာ့ကပ်ရောဂါ COVID -19 ကို ထိန်းချုပ်ကာကွယ်ရေးအတွက် ဝန်ကြီးဌာနပေါင်းစုံ ဖွဲ့စည်းထားသော ဗဟို ကော်မတီက လူစုလူဝေးဖြင့် ပြုလုပ်ရသော ပွဲလမ်းသဘင်များအပါအဝင် ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများ နှင့် ရုပ်ရှင်လုပ်ငန်းများကို မလုပ်ဆောင်ရန် တားမြစ်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ကမှသာ ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်ဗီဒီယို ရိုက်ကူးရေးလုပ်ငန်းများကို မရိုက်ကူးမီ တပတ် ကြိုတင်ပြရခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များ ဖြင့် ပြန်လည် ခွင့်ပြုရန် စီစဉ်ထားလျက်ရှိသည်။

အဆိုတော် ယုန်လေး၏ သီချင်းဗီဒီယိုသည် သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့် ရုပ်ရှင်အစည်းအရုံးတို့က ချမှ တ်ထားသော စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်လုပ်ထားခြင်းရှိ၊မရှိ နှင့် COVID 19 ထိန်းချုပ်ရေးအတွက် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနတို့က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ထား ခြင်းရှိ၊မရှိကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးအေးကြွယ်က ဆိုသည်။

ဦးအေးကြွယ် က “သူဘယ်အချိန်မှာ ရိုက်ကူးခဲ့တယ် ဘယ်လိုပုံစံနဲ့ ရိုက်ကူးခဲ့တယ်ဆိုတာကို ရုပ်ရှင်အစည်းအရုံးနဲ့ပူး ပေါင်းပြီး စုံစမ်းစစ်ဆေးသွားမယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကျော်လွန်လုပ်ဆောင်ထားတယ် ဆိုရင် သက်ဆိုင်ရာဌာနတွေက သူ့ဥပဒေတွေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားဖို့လိုပါလိမ့်မယ်” ဟု ဆိုသည်။


ရုပ်ရှင်၊ ဗီဒီယိုများ ရိုက်ကူးပါက သက်ဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်ထားသည့် ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူး၊ ထုတ်လုပ်၊ ဖြန့်ချိရေးများအတွက် လိုက်နာ ဆောင်ရွက်ရမည့် ဥပဒေများ သတ်မှတ်ပြဌာန်း ထားပြီး ဖြစ်သည့်အတွက် ထိုဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဦးအေးကြွယ်က ပြောဆိုသည်။

အဆိုတော်ယုန်လေး၏ သီချင်း ဗီဒီယိုသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ တင်ပြထားခြင်းမရှိသလို ရုပ်ရှင်ဆင်ဆာအတွက်လည်း တင်ပြထားခြင်းမရှိသည့် သီချင်းဗီဒီယို ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ဧရာဝတီသို့ ပြောသည်။

ဦးညီညီထွန်းလွင် က “သူက MTV လို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ လုပ်ထားပြီး ဆင်ဆာလည်း မတင်ပြထားဘူး။ နောက်တခုက သူက ပညာပေးလည်း မဟုတ်ဘူး။ အစည်းအရုံးအနေနဲ့လည်း ဒီကိစ္စကို တခုခုဆောင်ရွက်သွား ဖို့ ရှိပါတယ်” ဟု ဆိုသည်။

ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးများကို COVID-19 ကြောင့် ရပ်နားထားခိုင်းထားသော ကာလအတွင်း တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကိုဗစ် ပညာပေး ဇာတ်လမ်း နှင့် သီချင်းဗီဒီယို ၇ ခုကိုသာ ခွင့်ပြုပေးထားခဲ့ပြီး အဆိုတော် ယုန်လေး၏ သီချင်းဗီဒီယိုကို ခွင့်ပြုပေးထားခြင်းမရှိကြောင်း ဦးညီညီထွန်းလွင်က ပြောဆိုသည်။

အဆိုပါ သီချင်းဗီဒီယို ရိုက်ကူးမှုတွင် ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ နှင့် ရိုက်ကူးဆောင်ရွက်သူများ အပါအဝင် လူ ၃၀ မှ ၄၀ ဝန်းကျင် ပါဝင်နိုင်ကြောင်း ၎င်းက ဆိုသည်။

ထို သီချင်းဗီဒီယို ရိုက်ကူးသည့် အချိန်ကာလသည် COVID-19 ကြောင့် ရိုက်ကူးရေးများကို ခွင့်ပြုထားခြင်း မရှိသေးသည့် အချိန်ကာလတွင် ရိုက်ကူးထားခြင်းဖြစ်ကြောင်း အဆိုပါ သီချင်းဗီဒီယိုတွင် ပါဝင်ခဲ့သူ တချို့ထံမှ သိရသည်။

လူသိများသော ဖြစ်ရပ်တခုမှာCOVID-19 ကူးစက်ရောဂါ ထိန်းချုပ်ကာလအတွင်း လူစုဖြင့် အခမ်းအနားပြုလုပ်ခဲ့ခြင်းကြောင့် တရားစွဲခံရသည့် အမှုမှာ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လား အမှု ဖြစ်သည်။

စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်စတူဒီယို)တို့သည် မရမ်းကုန်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ကမာ္ဘအေး ဘုရားလမ်းပေါ်ရှိ ညီ အကိုများ အသင်းတော်ဝန်းအတွင်းရှိ အခန်းတခုတွင် လူစုဖြင့် ဘာသာရေး အခမ်းအနား ပြုလုပ်ခဲ့သည်။

COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လူစုလူဝေးဖြင့် အခမ်းအနားများမလုပ်ရန် တား မြစ်ထားသည့် ဧပြီလ ပထမပတ်အတွင်းက ပြုလုပ်ခဲ့သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင် က တရားလိုပြု လုပ်ကာ သဘာဝ ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့် တရားစွဲဆိုထားလျက်ရှိသည်။

ထိုအမှုတွင်တော့ အဆိုပါ လူစုလူဝေး အခမ်းအနားများကို တက်ရောက်ခဲ့သော သူများထဲတွင် COVID-19 ရောဂါပိုးတွေ့ရှိ သူ အများအပြားဖြစ်ခဲ့သည်။

ယနေ့ သြဂုတ် ၅ ရက်နေ့ နေ့လည် ပိုင်းတွင် အဆိုတော် ယုန်လေးသည် အဆိုပါ သီချင်းဗီဒီယိုနှင့် ပတ်သက်ပြီး ၎င်း၏ Facebook အကောင့်မှ တောင်းပန်စကားဆိုခဲ့ပြီး သီချင်းဗီဒီယိုကိုလည်း ပြန်လည် ဖြုတ်ချခဲ့သည်။

Ref; Irrawaddy.com